Jul 8, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီတို့အား အမှူးထား၍ ၀န်ထမ်းမိသားစုများ၏ ၀ါဆိုသင်္ကန်းကပ်လှူပွဲ


၂၀၀၈ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီ တို့အား အမှူးထား၍ လမ်းမတော်မြို့နယ်၊ သရက်တော ကျောင်းတိုက်ရှိ သံဃာတော်များအား၊ ဝန်ထမ်းမိသားစုများ၏ ဆဌမအကြိမ် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင်၊ သရက်တော ကျောင်းတိုက် ၃ ထပ်ကျောင်းဆောင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သရက်တော ကျောင်းတိုက်ဝင်: အတွင်းရှိ ကျောင်းတိုက်ပေါင်း (၆၆)ကျောင်းမှ သံဃနာယကဥက္ကဋ္ဌ ကျောင်းထိုင်ဆရာတော်ကြီးများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီ၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ၄င်းတို့၏ဇနီးများ လမ်းမတော်မြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ ရန်ကုန်မြို့ပေါ်ရှိ စက်ရုံများမှ စက်ရုံမှူးများ၊ ဝန်ထမ်း မိသားစုများ၊ အလှူရှင်များ တက်ရောက် ကြသည်။
အစီအစဉ်အရ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က လမ်းမတော်မြို့နယ်၊ သံဃနာယကဥက္ကဋ္ဌ သရက်တောကျောင်းတိုက်၊ ပိဋကတ် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒဓဇထံမှ (၅)ပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ပင့်သံဃာအရှင်သူမြတ် (၆၆)ပါးတို့က ပရိတ်တရားတော်များ ဟောကြားချီးမြှင့်တော် မူကြသည်။ ထို့နောက် ဗဟိုအတွင်းရေးမှူး၊ ၀န်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ၎င်းတို့၏ဇနီးများ၊ အလှူရှင်များမှ သံဃနာယက ဥက္ကဋ္ဌဆရာတော်နှင့် ကျောင်းတိုက်ပေါင်း (၆၆)ကျောင်းမှ ပင့်သံဃာ ကျောင်းတိုက် ဆရာတော်ကြီးများထံ ၀ါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် သံဃနာယက ဥက္ကဋ္ဌ သရက်တောကျောင်းတိုက် ပိဋကတ်ကျောင်းတိုက် ဆရာတော်မှ သာဓုအနုမောဒနာ တရားဟောကြား ချီးမြှင့်တော်မူပြီး၊ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှဝေကာ အခမ်းအနားကို ဗုဒ္ဓဿသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ သရက်တောကျောင်းတိုက်မှ ပင့်သံဃာအရှင်သူမြတ် (၆၆) ပါးတို့အား အချိုရည်များ ဆက်ကပ်လှူဒါန်းကြသည်။
ယနေ့နံနက် (၁၀) နာရီခွဲတွင် သရက်တော ကျောင်းတိုက်ဝင်းအတွင်းရှိ ကျောင်းတိုက်ပေါင်း (၆၆) တိုက်၌ တစ်ပြိုင်တည်း စက်ရုံမှူးများ မှ ဦးဆောင်၍ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများကို သံဃာတော်တိုင်းအား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။