Dec 24, 2007

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ (ပြင်ဦးလွင်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် ပြည်သူများ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်သည့်ဆေးဝါးများ စွမ်းအားပြည့် ထုတ်လုပ်ရန်မှာကြား

အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း၊ မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ(ပြင်ဦးလွင်) ဖွင့်ပွဲ အခမ်းအနားကို ၁၉-၁၂-၂၀၀၇ ရက်နေ့ နံနက် ၁၁ နာရီက ကျင်းပရာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တက်ရောက် အားပေးချီးမြှင့်သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် အဖွဲ့ဝင်များ၊ အမှတ်(၁)စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့မှ ဌာနဆိုင်ရာများ၊ ၀န်ထမ်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့ အသီးသီးတို့မှ အဖွဲ့ဝင်များ၊ ဘင်ခရာ နှင့် ပန်းဖွားအကအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး မန္တလေးတိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်တင်ငွေက အမှာစကားပြောကြားသည်။
အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းက ပြည်သူလူထု ကျန်းမာရေးအတွက် အဆင့်မြင့် G.M.P(Good Manufacturing Practice)နည်းစဉ်များအရ ပြည်ပသွင်းကုန်အစားထိုးအနေဖြင့် ဆေးဝါးများထုတ်လုပ်ရန် မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ(ရန်ကုန်) တိုးချဲ့ရေးလုပ်ငန်းကို ဆောင်ရွက်သည်သာမက ဤစက်ရုံကြီးအားတည်ဆောက်ပြီး ဆေးဝါးများထုတ်လုပ်ပေး ခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းရွှေက မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ခုတင် ၃၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးနှင့် ပြင်ဦးလွင်မြို့နယ် အနီးစခန်း အခြေခံပညာအထက်ကျောင်းတို့အတွက် လှူဒါန်း ငွေများကို သက်ဆိုင်ရာတာဝန်ရှိသူများအား ပေးအပ်သည်။
ထို့နောက် ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်မှူးချုပ်ဇေယျာအောင်၊ မြန်မာ့ဆေးဝါးနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းရွှေနှင့် စက်ရုံမှူး ဒေါက်တာမြင့်စိန်တို့က စက်ရုံကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းက မြန်မာနိုင်ငံဆေးဝါးလုပ်ငန်း စက်ရုံ(ပြင်ဦးလွင်) ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အဖွဲ့ဝင်များသည် စက်ရုံ၏အဆင့်မြင့် G.M.P ဧရိယာအပိုင်း၌ ပါဝင်သောဆေးဝါး ထုတ်လုပ်မှုလုပ်ငန်းများကို လှည့်လည်ကြည့်ရှု့စစ်ဆေးသည်။ ၀န်ကြီးဦးအောင်သောင်းက ဒေါနရွှေဝါ(အာတီးမီးစီးယား)ပျိုးပင် နှင့် ဒေါနရွှေဝါပင်များ အာတီမီးစီးယားမျိုးစေ့များ၊ စင်ကိုနာပျိုးပင်များ၊ စင်ကိုနာအခေါက်၊ အမြစ်ဆုံနမူနာများကို ရှင်းလင်း ပြသသည်။
ယင်းနောက် ရှင်းလင်းဆောင်၌ ၀န်ကြီးဦးအောင်သောင်းက မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ(ပြင်ဦးလွင်)သို့ ဗိုလ်ချုပ်မှူးကြီး ရောက်ရှိစစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များနှင့် စပ်လျဉ်း၍ လိုက်နာအကောင်အထည်ဖော် ပြီးစီးမှုအခြေအနေများကို တင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လမ်းညွှန်မှာကြားရာ၌ အိမ်သုံးဆေးဝါးများ ပြည်သူများထံ မြန်မြန်ဆန်ဆန် ပျံ့နှံ့ရောက်ရှိအောင် ဆေးဝါးဖြန့်ဖြူးသည့်စနစ်ကို သုံးသပ်ရန်နှင့် အားနည်းချက်များ ပြုပြင်သွားရန်၊ အရည် အသွေးမြင့်ဆေးဝါးများ စက်စွမ်းအားပြည့် ထုတ်လုပ်သွားရန်နှင့် ဆေးဝါးကုန်ကြမ်းများ ဖြစ်နိုင်သမျှပြည်တွင်းမှပင်ရရှိအောင် ဆောင်ရွက်သွားရန်၊ လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သစ်တောရေးရာဝန်ကြီးဌာနတို့ကလည်း အာတီမီးစီးယားနှင့်စင်ကိုနာကဲ့သို့ ဆေးဝါးကုန်ကြမ်းများ ပူးပေါင်း စိုက်ပျိုးကြရန်၊ ကုန်ကြမ်းဆေးဝါးပင်များကို ပြည်ပပို့ကုန်အဖြစ်ပါ စိုက်ပျိုး ကြရန်နှင့် ပုဂ္ဂလိကအပိုင်းကလည်း ပါဝင်လာအောင် အားပေးသွားကြရန် မှာကြားသည်။
မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ(ပြင်ဦးလွင်)က တစ်နှစ်လျှင် ဆေးပြား၊ ဆေးတောင့် သန်း ၂၁၀၀၊ ဆေးရည် ၀ ဒသမ ၅ လီတာသန်း၊ လိမ်ဆေး ၀ ဒသမ ၂၀၅ ကီလိုသန်း၊ ဆေးမှုန့် ၀ ဒသမ ၇၅ ကီလိုသန်း၊ ထိုးဆေးများ သန်း ၅၀ နှင့် သွေးကြောသွင်းဆေးရည် ၁၀ သန်း ထုတ်လုပ်ပေးလျက်ရှိသည်။ ဤစက်ရုံက ဆေးပြား၊ ဆေးတောင့်၊ ထိုးဆေးနှင့် သွေးကြောသွင်းဆေးရည်၊ လိမ်းဆေးနှင့်ဆေးမှုန့်၊ ဆေးအမယ် စုစုပေါင်း(၁၆၂)မျိုး ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။