May 6, 2008

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း ပျဉ်းမနားခရိုင်၊ နေပြည်တော်၊ တပ်ကုန်းမြို့မှ ဒေသခံပြည်သူများအားတွေ့ဆုံ၍ အမှာစကား ပြောကြားခြင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် (၂၈-၄-၂၀၀၈)ရက်နေ့ နံနက် (၇)နာရီတွင် ပျဉ်းမနားခရိုင်၊ နေပြည်တော်၊ တပ်ကုန်းမြို့ မြ၀တီရပ်ကွက်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းဝင်း၊ သစ်ပင်ရိပ်၌ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အတွင်း ရေးမှူး၊ အလုပ်အမှုဆောင်များ၊ စည်းရုံးရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၆)အုပ်စုမှ ဒေသခံပြည်သူ(၁၅၃၀၀)ဦးအားတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် လက်ရှိ နိုင်ငံတော်အေးချမ်းတည်ငြိမ် လျက်ရှိကြောင်း၊ ရရှိထားသောငြိမ်းချမ်းရေးကို ပြည်သူများက ထိန်းသိမ်းဖို့လိုကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ခိုင်ခိုင်မာမာ ချမှတ်ပြီးဖြစ်ကြောင်း၊ ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရည်မြင့်မားသော လူတန်းစားတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် အခြေအနေ ကောင်းများ ဖန်တီးပေးပြီးဖြစ်သည့်အတွက် ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားသွားရမည်ဖြစ်ကြောင်း၊ အဓိကတာဝန်မှာ နိုင်ငံတော်ကြီးမပြိုကွဲဘဲ ဆက်လက်၍ စည်းလုံးညီညွတ်စွာ တည်တံ့နေဖို့လိုကြောင်း၊ ထို့ကြောင့် နောက်ဆုံးပေါ်ပေါက်လာသော ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်သူလူထု တစ်ရပ်လုံးကတစ်ညီတစ်ညွတ်တည်း ထောက်ခံသွားဖို့လိုကြောင်း၊ သို့မှသာလျှင် နိုင်ငံတော်ကြီးတည်တံ့အောင် အေးချမ်းသာယာပြီးဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိန်းသိမ်းဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာမှ ဒေသခံပြည်သူများအား တွေ့ဆုံ၍ အမှာစကားပြောကြားခြင်း


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီနှင့် အသင်းဝင်များသည် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာ၊ မိုးကောင်းကျောင်းတိုက်သို့ ရောက်ရှိပြီး ဆရာတော် ဘဒ္ဒ န္တပဏ္ဍိစ္စအမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့အား ဖူးမြော်ကြည်ညိုပြီး သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဗဟိုအတွင်းရေးမှူး၊ ၀န်ကြီး ဦးအောင်သောင်းသည် တောင်ပြုံးကြီးကျေးရွာ၊ မိုးကောင်းကျောင်းတိုက်ဝင်း သစ်ပင် ရိပ်၌ ဌာနဆိုင်ရာများ၊ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ အတွင်းရေးမှူး၊ အလုပ်အမှု ဆောင်များ၊ စည်းရုံးရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ(၁၀၁၀၀)ဦးအား တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မရှိသေးသဖြင့် ဥပဒေကိုရေးဆွဲရခြင်းဖြစ်ကြောင်း၊ အခြေခံ ဥပဒေသည် လူတစ်ဦးချင်း၊ ဒေသတစ်ခုချင်းနှင့် တိုင်းပြည်အတွက် အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊ မျက်မှောက်ကာလ ပကတိ အခြေအနေမှန်များကို အခြေပြုလျက် အနာဂတ်အတွက်မျှော်မှန်းရေးဆွဲထားသော အခြေခံဥပဒေသစ်ဖြစ်ကြောင်း၊ အခြေခံဥပဒေ ရှိမှသာ ရွေးကောက်ပွဲပြုလုပ်ပြီး၊ အာဏာလွှဲပြောင်းပေးနိုင်မည် ဖြစ်ကြောင်း၊ အခြေခံဥပဒေရှိမှသာလျှင် ဒီမိုကရေစီနိုင်ငံတော်သစ် ဖန်တီးတည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ကာကွယ် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် အမျိုးသားရေးစိတ်ဓါတ်ပြည့်ဝစွာ မှန်ကန်သော အသိစိတ်ဓါတ်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ကို အတည်ပြုဖို့လိုကြောင်း အကျယ်တ၀င့်ရှင်းလင်းပြောကြားရာ တောင်ပြုံးကြီး၊ သရက်တော၊ သဲကော၊ စက်ထိပ်ကျေးရွာများမှ ဒေသခံပြည်သူလူထု ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေအား ရာနှုန်းပြည့်ထောက်ခံမည် ဖြစ်ကြောင်း ၄င်းတို့၏သဘောဆန္ဒဖြင့် ဂတိပြုပြောကြားကြသည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး၊ ၀န်ကြီး ဦးအောင်သောင်းသည် နံနက် ၉ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးကျေးရွာ၊ သာသနရက္ခိတ ကျောက်မီးကျောင်း၊ စိတ္တသုခဆွမ်းစားကျောင်းဆောင်၌ ဘဒ္ဒ န္တဇနက အမှူးပြုသော သံဃာတော်အရှင်သူမြတ် တို့အား ဖူးမြော်ကြည်ညိုပြီး သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်းသည် ကျောက်မီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဝင်း သစ်ပင်ရိပ်၌ ပုသိမ်ကြီးမြို့နယ် ဌာနဆိုင်ရာများ၊ မန္တလေးတိုင်း၊ ခရိုင် ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ၀ံသာနု(NLD)အဖွဲ့ဝင်များ၊ ကျောက်မီးကျေးရွာပတ်ဝန်းကျင် ကျေးရွာအုပ်စု (၂၅)အုပ်စုမှ ဒေသခံပြည်သူ (၂၃၁၅၀)ဦးအားတွေ့ဆုံ၍ ထိုနည်းတူ အမှာစကားပြောကြားရာ လက်သစ်၊ အုန်းချော၊ ကျောက်မီး၊ တက်ကောင်း နှင့်မြောက်တကိုင်းရှင်ကျေးရွာများမှ ဒေသခံပြည်သူလူထုကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေအား ရာနှုန်းပြည့် ထောက်ခံ မည်ဖြစ်ကြောင်း၊ ၄င်းတို့၏ သဘောဆန္ဒဖြင့် ဂတိပြုပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းလိုက်ပါသည်။