Jan 14, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း ၀င်းသူဇာအရောင်းဆိုင်များနှင့် စက်ရုံများအား ကြည့်ရှု့စစ်ဆေးခြင်း
အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်းသည် မြန်မာ့အထည်အလိပ်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဦးသိန်းမောင်၊ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းရွှေ၊ မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေးစက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမောက်နှင့် မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးစိုးရီတို့ လိုက်ပါ၍ ၆-၁-၂၀၀၈ နံနက် ၉ နာရီတွင် မရမ်းကုန်းမြို့နယ်၊ အထည်ချုပ်စက်ရုံ အမှတ်(၈)ရှိ ၀င်းသူဇာ အရောင်းဆိုင် (မရမ်းကုန်း)သို့ ရောက်ရှိသည်။
အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီးဦးအောင်သောင်းသည် အရောင်းဆိုင်တွင်ရောင်းချလျက်ရှိသော မြန်မာ့ကြွေထည် မြေထည်လုပ်ငန်း၊ ကြွေရည်စိမ်ပစ္စည်း အမျိုးမျိုးနှင့် စားသောက်ကုန် ပစ္စည်းအမျိုးမျိုး ရောင်းချမှု အခြေအနေကို လည်းကောင်း၊ ကျားဝတ်၊ မ၀တ် လုံချည်၊ အ၀တ်အထည်များနှင့် ပွင့်ရိုက်ဒီဇိုင်း အ၀တ်အထည်များကို လည်းကောင်း၊ စက္ကူနှင့် စာရေး ကိရိယာများ၊ စတီးလ်အိမ်သုံးပစ္စည်း အမျိုးမျိုး၊ အပ်ချုပ်စက်နှင့် မောင်မြန်မာစက်ဘီး အမျိုးမျိုး ရောင်းချမှု အခြေအနေများကို စစ်ဆေးပြီး ရောင်းကုန်ပစ္စည်းများ ပြတ်လပ်မှု မရှိစေရန် မှာကြားခဲ့သည်။
ဆက်လက်၍ ၀န်ကြီးဦးအောင်သောင်းသည် ခ၀ဲခြံမှတ်တိုင်အနီးရှိ ၀င်းသူဇာအရောင်းဆိုင် (မရမ်းကုန်း)သို့ ရောက်ရှိပြီး ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ၊ စတီးလ်နှင့် အိမ်သုံးပစ္စည်း အမျိုးမျိုး၊ အ၀တ်အထည် အမျိုးမျိုးနှင့် ဆေးရိုက်အထည်များ၊ ထီး၊ ဖိနပ်၊ ကြွေရည်သုတ်ပန်းကန် အမျိုးမျိုး၊ စက္ကူနှင့် စာရေးကိရိယာများ၊ စားသောက်ကုန်ပစ္စည်းများ ရောင်းချမှု အခြေအနေကို လည်းကောင်း၊ မောင်မြန်မာ စက်ဘီးအမျိုးမျိုး၊ အပ်ချုပ်စက်များအား ကြည့်ရှုစစ်ဆေးပြီး ၀န်ကြီးမှ အရောင်းဆိုင်ဝန်ထမ်းများသည် ၀န်ကြီးဌာနမှ ချမှတ်ထားသော ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်ကြရန်နှင့် ရောင်းကုန်ပစ္စည်းများ အမယ်စုံတင်၍ ရောင်းချကြရန် မှာကြားသည်။
ဆက်လက်၍ ၀န်ကြီးဦးအောင်သောင်းသည် ၉း၃၀ နာရီတွင် လှိုင်မြို့နယ်၊ ပဏ္ဍိတလမ်းရှိ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း ဆပ်ပြာစက်ရုံအမှတ်(၂)၊ ပဏ္ဍိတ ဆပ်ပြာစက်ရုံသို့ ရောက်ရှိသည်။ ရှေးဦးစွာ ၀န်ကြီးဦးအောင်သောင်းသည် ဆီဖျော်ကန်၊ ကော့စတစ်ဖျော်ကန် နေရာများ ပြုပြင်ဆောင်ရွက်မှု အခြေအနေ၊ ချက်အိုးများ ပြုပြင်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးရာတွင် မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းရွှေနှင့် အထွေထွေမန်နေဂျာ ဦးတင်မောင်ဝင်းတို့မှ လိုက်လံရှင်းလင်းပြသည်။
ဆက်လက်၍ ၀န်ကြီးဦးအောင်သောင်းသည် ဆပ်ပြာစက်ရုံအတွင်းရှိ ဆေးစပ်ဌာန၊ ဆေးစပ်အိုးနှင့် စက်ပစ္စည်းများ ပြင်ဆင်နေမှု အခြေအနေကိုကြည့်ရှုစစ်ဆေးပြီး ပြင်ဆင်မှုလုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ထားကြရန် တာဝန်ရှိသူ အသီးသီးအား မှာကြားခဲ့ပါသည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီဝင်၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း သဲဖြူကျေးရွာ တည်ဆောက်ထားရှိမှုအခြေအနေနှင့် သဲဖြူကျေးရွာတွင် ဖွင့်လှစ် ရောင်းချလျှက်ရှိသော သက်သာအရောင်းဆိုင်၊ မြန်မာ့စားသောက်ကုန်လုပ်ငန်း ဒဂုန်အချိုရည်နှင့် ရေခဲစက်၊ ၀င်းသူဇာအရောင်းဆိုင်(စမ်းချောင်း)တို့အား ကြည့်ရှု့စစ်ဆေး
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီဝင်၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်းသည် ၅-၁-၂၀၀၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း မှော်ဘီမြို့နယ်၊ အမှတ်(၂)စစ်မှုထမ်းဟောင်းကျေးရွာ(သဲဖြူ)သို့ရောက်ရှိရာ စစ်မှုထမ်းဟောင်းအဖွဲ့ တာဝန်ရှိသူများက ကြိုဆိုကြသည်။ သဲဖြူကျေးရွာ ဓမ္မာရုံတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ် ဌာနမှူး၊ ဒုတိယဗိုလ်မှူးကြီး ၀င်းမောင် (အငြိမ်းစား)၊ အုပ်ချုပ်မှုဌာနကြီးမှူး ဗိုလ်မှူးဌေးနိုင် (ငြိမ်း) နှင့် သဲဖြူကျေးရွာ အုပ်ချုပ်ရေးမှူး ဗိုလ်ကြီးသန်းဝင်း (ငြိမ်း)တို့က တန်ဘိုးနည်းနေအိမ်များ အကွက်ချထားမှု၊ အဆောက်အဦးများ တည်ဆောက် ပြီးစီးမှု၊ လျှပ်စစ်နှင့်ရေသွယ်တန်းပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး၊ ဗဟိုစည်းရုံးရေး ကော်မတီဝင်မှ လိုအပ်ချက် များမှာကြားပြီး၊ စစ်မှုထမ်းဟောင်း (၅၀)ဦးမိသားစု၊ စုစုပေါင်း (၁၉၃)ဦး ရောက်ရှိနေထိုင်ပြီဖြစ်၍ ၄င်းတို့၏ စားဝတ်နေရေး ကိစ္စရပ်များ၊ မိသားစုအလုပ်အကိုင်ရရှိရေး ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီဝင်၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်းသည် သဲဖြူကျေးရွာတည်ဆောက်ထားရှိမှု အခြေအနေနှင့် သဲဖြူကျေးရွာတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော သက်သာအရောင်းဆိုင်အား ကြည့်ရှု့စစ်ဆေးသည်။
ထိုမှတဆင့် ၀န်ကြီးဦးအောင်သောင်းသည် စမ်းချောင်းမြို့နယ်၊ ဦးဝိစာရလမ်းရှိ မြန်မာ့စားသောက်ကုန်လုပ်ငန်း ဒဂုန်အချိုရည် နှင့်ရေခဲစက်သို့လည်းကောင်း၊ ၀င်းသူဇာအရောင်းဆိုင်(စမ်းချောင်း)သို့လည်းကောင်း ရောက်ရှိစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ပါသည်။