Jan 22, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်း မြစ်သားချည်မျှင်စက်ရုံ(စီမံကိန်း)နှင့် ပျော်ဘွယ်ချည်မျှင်စက်ရုံ(စီမံကိန်း) လုပ်ငန်းခွင်များအား ကြည့်ရှုစစ်ဆေး

အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်းသည် ၂၀၀၈ခုနှစ် ဇန်နဝါရီလ ၂၁ရက်နေ့ နေ့လည်ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါ၍ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ လမ်းခွကျေးရွာအုပ်စု ရန်ကုန်-မန္တလေး ကားလမ်းမကြီး၏ အနောက်ဘက် မိုင်တိုင်အမှတ်(၃၈၇)တွင် တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြန်မာ့အထည်အလိပ် လုပ်ငန်း၊ မြစ်သားချည်မျှင်စက်ရုံ (စီမံကိန်း) လုပ်ငန်းခွင်အတွင်း ရောက်ရှိပြီးအဆောက်အဦများ တည်ဆောက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ရာ စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန်၊ တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ကြရန်၊ စီမံကိန်းစက်ရုံအတွက် တပ်ဆင်မည့် စက်ပစ္စည်း အစိတ်အပိုင်းများကို စနစ်တကျထားသို၍ တပ်ဆင်အသုံးပြုကြရန် မှာကြားခဲ့သည်။
ထို့နောက် အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်းသည် ၂၀၀၈ခုနှစ် ဇန်နဝါရီလ၂၁ရက်နေ့ မွန်းလွဲ(၃)နာရီတွင် မြန်မာ့အထည်အလိပ်လုပ်ငန်း ပျော်ဘွယ်ချည်မျှင်စက်ရုံ (စီမံကိန်း)သို့ ရောက်ရှိရာ စီမံကိန်းလုပ်ငန်းများ တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်မှုအား လှည့်လည်ကြည့်ရှု့ စစ်ဆေးပြီး စီမံကိန်းလုပ်ငန်းများ လျှင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက်ပိုင်း မန္တလေးတိုင်း ကျောက်ဆည်မြို့ ကျောက်ဆည်စက်မှုနယ်မြေရှိ မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ (အင်ရောင်း) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခြင်း

အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း၏ မြန်မာနိုင်ငံဆေးဝါးလုပ်ငန်း စက်ရုံ(အင်ရောင်း) ဖွင့်ပွဲ အခမ်းအနား ကို ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ် တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်အားပေးချီးမြှင့်ပါသည်။
ရှေးဦးစွာ အခမ်းအနားပထမပိုင်းကို အဆိုပါစက်ရုံရှေ့၌ကျင်းပရာ အမှတ်(၁)စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးနှင့်အိမ်သုံးပစ္စည်း လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဦးသန်းရွှေ၊ ကျောက်ဆည်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဦးခင်မောင်မြင့်နှင့် မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ (အင်ရောင်း) စက်ရုံမှူး ဦးကိုကိုလွင်တို့က စက်ရုံကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က စက်ရုံဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အခမ်းအနား ပထမပိုင်းကို ရုတ်သိမ်းလိုက်သည်။
ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို စက်ရုံဝင်းအတွင်းရှိမင်္ဂလာမဏ္ဍပ်၌ဆက်လက်ကျင်းပရာ မန္တလေးတိုင်း အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်တင်ငွေက အမှာစကား ပြောကြားသည်။
ထို့နောက် အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းမှ စက်ရုံတည်ဆောက်ရခြင်းအကြောင်းကို ရှင်းလင်း ပြောကြား၍ ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားသည်။
၎င်းနောက် မြန်မာ့ဆေးဝါးနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဦးသန်းရွှေမှ ကျောက်ဆည်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ ကျောက်ဆည်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီး၊ ကျောက်ဆည်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ကျောက်ဆည်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ကျောက်ဆည်မြို့နယ် မင်းစုအခြေခံပညာအထက်တန်း ကျောင်းများသို့ အလှူငွေများ ပေးအပ်လှူဒါန်းပြီး ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
အဆိုပါစက်ရုံသည် မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် အင်ရောင်းကျေးရွာအနီး၌တည်ရှိပြီး စက်ရုံ၏ ထုတ်လုပ်မှုစွမ်းအားမှာ တစ်ခါသုံးဆေးထိုးအပ် သန်း ၃၀၊ ၅၀၀ ml သွေးကြောသွင်းဆေးရည် ပုလင်း(၂ဒသမ၅)သန်းနှင့် ထိုးဆေးသန်း ၅၀ ထုတ်လုပ် နိုင်မည်ဖြစ်သည်။
အဆိုပါစက်ရုံကို နိုင်ငံတော်၏လိုအပ်ချက်ဖြစ်သည့် တစ်ခါသုံးဆေးထိုးအပ်၊ ထိုးဆေးနှင့် သွေးကြောသွင်းဆေးရည်များ ပိုမို ဖြည့်ဆည်းနိုင်ရန် မြန်မာပြည်အလယ်ပိုင်း၊ အထက်ပိုင်းဒေသများသို့ ဆေးဝါးနှင့်ဆေးဝါးပစ္စည်းများကို လွယ်ကူစွာဖြန့်ဖြူးနိုင်ရန်၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်များရရှိစေရန်၊ ဒေသတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်ရယူသုံးစွဲ၍ ဆေးဝါး ထုတ်လုပ်မှု နည်းပညာအသိ ကြွယ်ဝစေရန်နှင့် ပြည်သူများ၏ကျန်းမာရေးဆေးကုသမှု ဝန်ထုပ်ဝန်ပိုးများကို လျှော့ချ ပေးရန်နှင့် လိုအပ်သောဆေးဝါးများ ဖြည့်ဆည်းပေးရန်ဟူသည့် အချက်များပေါ်မူတည်သုံးသပ်ပြီး တည်ဆောက်ခြင်း ဖြစ်သည်။