Jun 25, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီးဦးအောင်သောင်း
အမှတ်(၁)စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မြစ်သားချည်မျှင်စက်ရုံ(စီမံကိန်း)
ပျော်ဘွယ်ချည်မျှင်စက်ရုံ(စီမံကိန်း)နှင့် ပျော်ဘွယ်မြို့နယ် ကုန်းတွင်းဆားထုတ်လုပ်မှု လုပ်ငန်းခွင်တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း


အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီးဦးအောင်သောင်းသည် ၂၀၀၈ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ နံနက် ၈ နာရီတွင် စက်မှုလုပ်ငန်း ဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ လိုက်ပါ၍ မန္တလေးတိုင်း မြစ်သားမြို့နယ်ရှိ မြန်မာ့အထည်အလိပ်လုပ်ငန်း မြစ်သား ချည်မျှင်စက်ရုံ (စီမံကိန်း)သို့ ရောက်ရှိပြီး မြို့ပြဆိုင်ရာ အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းခွင် အတွင်း ပင်မစက်ရုံ အဆောက်အဦ၊ အမိုးအကာနှင့် ကြမ်းခင်းများ (၈၈) ရာခိုင်နှုန်း တည်ဆောက် ပြီးစီးမှု၊ စက်မှုဆိုင်ရာ အဆောက်အဦ ရေအေးပေး စက်ရုံ၊ ရေကန်၊ စက်ပြင်အလုပ်ရုံ (၉၄) ရာခိုင်နှုန်း ပြီးစီးမှုနှင့် သိုလှောင်ရုံများ တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ၊ အထွေထွေ မန်နေဂျာ ဒေါက်တာ အောင်ကျော်စိုးနှင့် တာဝန်ရှိသူများက ရှင်းလင်းပြသည်။ ထို့နောက် ၀န်ကြီး ဦးအောင်သောင်းသည် စီမံကိန်း လုပ်ငန်းခွင်အား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးပြီး၊ စီမံကိန်းအတွက် အဓိက ကုန်ထုတ်လုပ်ရန် ရာနှုန်းပြည့် ရောက်ရှိနေသော စက်ပစ္စည်းများ စနစ်တကျ ထားသိုလှောင်မှု အခြေအနေအား ကြည့်ရှု စစ်ဆေးပြီး ၀န်ကြီး ဦးအောင်သောင်းက သတ်မှတ်ကာလ အတွင်း စက်ပစ္စည်းများ အမြန်ဆုံး တပ်ဆင် အသုံးပြုရန်၊ မြို့ပြဆိုင်ရာ အဆောက်အဦနှင့် စက်မှုပိုင်းဆိုင်ရာ လုပ်ငန်းများ ရာနှုန်းပြည့် သတ်မှတ် စံချိန်စံညွှန်းများ နှင့်အညီ ပြီးစီးအောင် တည်ဆောက်ကြရန် မှာကြားသည်။
အဆိုပါ မြစ်သား ချည်မျှင်စက်ရုံ (စီမံကိန်း) ကို တရုပ်ပြည်သူ့ သမ္မတနိုင်ငံ Tianjin Universal Machinery Import & Export Corporation နှင့် တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်ပြီး၊ ပြည်တွင်း လိုအပ်ချက် အတွက် (၁)နှစ်လျှင် ချည်ပေါင်(၅.၄၇၂)သန်း ထုတ်လုပ် ရရှိမည် ဖြစ်သည်။ အလားတူ ပလိပ်၊ ရွှေတောင်၊ ပွင့်ဖြူ၊ ပခုက္ကူ၊ ဆားလင်းကြီး၊ စစ်ကိုင်း ချည်မျှင်နှင့်အထည် စက်ရုံကြီးများမှလည်း (၁)နှစ်လျှင် ချည်ပေါင်(၄၂)သန်း ဖြည့်ဆည်းပေးလျက်ရှိပါသည်။ နိုင်ငံတော် အကြီးအကဲများမှ ပြည်တွင်းအ၀တ်အထည်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ပြီး တည်ဆောက်ပေးခြင်း ဖြစ်သည်။
ဆက်လက်၍ အမှတ်(၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် တာဝန်ရှိသူများ လိုက်ပါ၍ နံနက် ၁၀နာရီ ၁၅မိနစ်တွင် ပျော်ဘွယ်မြို့နယ်၊ ဆားတောင် ကျေးရွာအနီး၊ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း၊ ကုန်းတွင်း ဆားထုတ်လုပ်မှု လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ဆားပျိုးခင်း၊ ဆားရေစစ်စင်၊ ဆားရေတွင်းမှ ဆားထုတ်လုပ်မှု လုပ်ငန်း အဆင့်ဆင့်ကို လည်းကောင်း၊ ဆားချက် မီးဖိုဖြင့် ဆားချက်လုပ်မှု လုပ်ငန်း အခြေအနေကို ကြည့်ရှုစစ်ဆေးရာ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းရွှေနှင့် အထွေထွေ မန်နေဂျာ ဦးတင်မောင်ဝင်းတို့က ရှင်းလင်း တင်ပြ ကြသည်။ ယင်းနောက် ၀န်ကြီး ဦးအောင်သောင်းသည် ဆားပါဝင်မှု တိုင်းတာခြင်းအား ကြည့်ရှု စစ်ဆေး၍၊ ၀န်ကြီးမှ မြေအောက်ရေမှ ဆားချက်ခြင်း လုပ်ငန်းအား ပိုမိုထွက်ရှိရေး အတွက် နေလှန်း ဆားကွင်းများ အဖြစ် တိုးချဲ့ လုပ်ကိုင်ဆောင်ရွက်၊ မန္တလေးတိုင်း၊ စစ်ကိုင်တိုင်း၊ မကွေးတိုင်း အတွင်းရှိ မြေအောက် ဆားလုပ်ငန်းများဖြစ်၍ ဆားအမြောက်အများ ထုတ်လုပ် ရရှိနိုင်ကြောင်း သိရှိရပါသည်။
ထိုမှတဆင့် ၀န်ကြီး ဦးအောင်သောင်းသည် ပျော်ဘွယ်မြို့နယ်၊ မြန်မာ့ အထည်အလိပ်လုပ်ငန်း၊ ပျော်ဘွယ် ချည်မျှင်စက်ရုံ (စီမံကိန်း) သို့ ရောက်ရှိပြီး၊ စက်ရုံ ပတ်ဝန်းကျင်တွင် စိုက်ပျိုးထားသော စိုက်ခင်းများအား လည်းကောင်း၊ စီမံကိန်း လုပ်ငန်းခွင် အတွင်း မြို့ပြဆိုင်ရာ အဆောက်အဦများ တည်ဆောက်ခြင်းနှင့် စက်မှုပိုင်းဆိုင်ရာ အဆာက်အဦများ တည်ဆောက် ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေး၍ ၀န်ကြီးမှ သတ်မှတ် ကာလအတွင်း သတ်မှတ် စံနှုန်းများနှင့်အညီ မြန်ဆန်စွာ ဆောင်ရွက်နိုင်ကြရန် မှာကြားပြီး စက်ရုံတွင် အသုံးပြု တပ်ဆင်ရန် ရောက်ရှိနေသော စက်ပစ္စည်းများ သိုလှောင်ထားရှိမှု အခြေအနေအား ကြည့်ရှု စစ်ဆေး၍ လုပ်ငန်း လိုအပ်ချက်များ မှာကြားခဲ့သည်။ အဆိုပါ ပျော်ဘွယ် ချည်မျှင်စက်ရုံ (စီမံကိန်း)ကို တရုပ်ပြည်သူ့ သမ္မတနိုင်ငံ Tianjin Universal Machinery Import & Export Corporation နှင့် တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပင်မစက်ရုံ အဆောက်အဦ ၈၆%၊ စက်မှုဆိုင်ရာ အဆာက်အဦ ဆောက်လုပ်ခြင်း ၉၆%၊ ကူးသန်း ရောင်းဝယ်ရေး အဆောက်အဦ ၉၉% တည်ဆောက် ပြီးစီးနေပြီ ဖြစ်၍ စီမံကိန်း စက်ရုံလည်ပတ် ထုတ်လုပ်နိုင်ပါက ပြည်တွင်း လိုအပ်ချက်၏ ချည်ပေါင် (၅.၄၇၂) သန်း ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။