Jun 25, 2008

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်း
မန္တလေးတိုင်း ပြည်ခိုင်ဖြိုးအသင်းဝင်များနှင့် တွေ့ဆုံပွဲနှင့် မန္တလေးစက်မှုဇုန်နှင့် ကျောက်ဆည်စက်မှုနယ်မြေမှ စက်ရုံများအားသွားရောက်ကြည့်ရှုစစ်ဆေးခြင်း


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်းသည် ၂၀၀၈ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းရုံး အစည်းအဝေး ခန်းမဆောင်၌ မန္တလေးတိုင်း၊ ခရိုင် (၈)ခုမှ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များအား တွေ့ဆုံ၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် မြို့နယ်၊ ရပ်ကွက်၊ ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ကြရန်၊ ကျောင်းနေအရွယ် ကလေးများ ကျောင်းအပ်နှံ နေထိုင်နိုင်ရေး ကိစ္စရပ်များ၊ ကျောင်းများ၏ ဥပဓိရုပ် ကောင်းမွန်အောင် ဆောင်ရွက်နေမှု ကိစ္စရပ်များကို အမျိုးသားရေး စိတ်ဓာတ် ပြည့်ဝစွာဖြင့် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြရန်၊ ပြည်တွင်း ပြည်ပ သတင်း အချက်အလက်များနှင့် သုတစာပေ ပညာရပ်များကို ဆည်းပူး လေ့လာ၍ အရည်အသွေး၊ အရည်အချင်း ကောင်းမွန် ပြည့်ဝသော အသင်းဝင်များ အဖြစ် ဆက်လက် ကြိုးစား ဆောင်ရွက်ကြရန် မှာကြားသည်။ ထိုမှတဆင့် မြန်မာ့စက်မှု လက်မှု ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ အမှတ်(၁) စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် မန္တလေး စက်မှုဇုံရှိ မန္တလေး တော်ဝင် စက်မှုလက်မှု ကုမ္ပဏီ လီမိတက်သို့ ရောက်ရှိရာ မန္တလေး စက်မှုဇုန် ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်နှင့် ကော်မတီဝင်များက ကြိုဆိုကြသည်။
ထို့နောက် မြန်မာ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌသည် မန္တလေး တော်ဝင် စက်မှုလက်မှု ကုမ္ပဏီ၏ သံရည်ကျို ပုံလောင်းဌာနမှ ကုန်ကြမ်းများနှင့် Steel Ball အရွယ်အစား အလိုက် ထုတ်လုပ်မှု အခြေအနေကို ကြည့်ရှု စစ်ဆေးရာ မန္တလေး စက်မှုဇုန် ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်မှ လိုက်လံရှင်းလင်း ပြသပြီး မြန်မာ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်သောင်းက အရည်အသွေး ကောင်းမွန်၍ ပြည်ပသွင်းကုန် အစားထိုး ပစ္စည်းများ အဖြစ် တိုးတက် ထုတ်လုပ်ကြရန် မှာကြားသည်။
ဆက်လက်၍ ကော်မတီ ဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်သောင်းသည် Forging ဌာနသို့ ရောက်ရှိပြီး Steel Ball အမာတင် မီးဖို၏ ကုန်ထုတ်လုပ်မှုနှင့် တော်ဝင် စက်မှုလက်မှုမှ တီထွင် ထုတ်လုပ်ပြီးသော အရွယ်အစားအလိုက် Steel Ball များအား လည်းကောင်း၊ Machine Shop ဌာနတွင် တော်ဝင် စက်မှုလက်မှုမှ ထုတ်လုပ် ပြသထားသော ရေစုပ်စက်၊ 3 KW(ကီလိုဝပ်)ဒိုင်နမို၊ ကြက်ဆူဆီ ကြိတ်စက် အစိတ်အပိုင်းများ၊ မော်တော်ကား ပစ္စည်းနှင့် လယ်ယာသုံး ပစ္စည်း အစိတ်အပိုင်းများအား လည်းကောင်း၊ ဆီသန့်စင်စက်၊ ရေပန့်နှင့် ကြက်ဆူဆီ ကြိတ်စက်များ၊ Water Cooling Pump၊ Pannel Box နှင့် ဒိုင်နမို တပ်ဆင်မှု၊ ကုန်ထုတ်လိုင်း တစ်လျှောက်နှင့် machine shop 2 ၏ စက်ပစ္စည်းများ၊ စက်ခုတ်စားမှု၊ တွင်ခုံ ဖောက်ခုံ စက်ကြီးများဖြင့် သံခုတ်စားနေမှု အခြေအနေအား ကြည့်ရှု စစ်ဆေးပြီး မြန်မာ့ စက်မှုလက်မှု ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်သောင်းက ပြည်တွင်း လိုအပ်ချက် စက်ပစ္စည်း အစိတ်အပိုင်းများကို နည်းပညာ၊ အတတ်ပညာများ ပူးပေါင်း၍ အရည်အသွေးမြင့် ပြည်ပ သွင်းကုန် အစားထိုး ပစ္စည်းများ စဉ်ဆက်မပြတ် ပိုမိုကြိုးစားထုတ်လုပ်ကြရန် မှာကြားခဲ့သည်။
အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် စက်မှုလုပ်ငန်းများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ လိုက်ပါ၍ ဇွန်လ ၂၄ ရက် နံနက်ပိုင်းတွင် ကျောက်ဆည် စက်မှုဇုန် နယ်မြေရှိ မြန်မာ့ ကြွေထည် မြေထည် လုပ်ငန်း၊ ဘိလပ်မြေ စက်ရုံသို့ ရောက်ရှိပြီး ဘိလပ်မြေ အထွက်တိုးရေး အတွက် ဆောင်ရွက်ရမည့် Clinker Burming System၊ Water Gas ပြုပြင်ရန်၊ Cement Grinding System ပြုပြင်ရန်နှင့် Air Compressor များ ပြုပြင်ရန် လိုအပ်ချက် အခြေအနေများကို မြန်မာ့ ကြွေထည်မြေထည် လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးရီက ကဏ္ဍအလိုက် ဓာတ်ပုံ မှတ်တမ်းများဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် ၀န်ကြီး ဦးအောင်သောင်းသည် မီးသင်းဖို အတွင်းပိုင်း မီးခံအုတ် လဲလှယ်မှု အခြေအနေနှင့် မီးသင်းဖို လိုင်းတစ်လျှောက် ပြုပြင်တပ်ဆင်မှု အခြေအနေများအား ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ၀န်ကြီး ဦးအောင်သောင်းသည် ကွန်ပျူတာဖြင့် ထိန်းချုပ်ခန်းသို့ရောက်ရှိပြီး စက်များ လည်ပတ် ထိန်းချုပ်မှု စနစ်အား ကြည့်ရှု စစ်ဆေး၍ အရေးကြီးသည့် စက် အစိတ်အပိုင်းများကို သေချာ စစ်ဆေးပြီး အမြန်ဆုံး လဲလှယ် ပြင်ဆင် ဆောင်ရွက်ကြရန်နှင့် ကုန်ထုတ်လုပ်မှု ရည်မှန်းချက် ထိခိုက်နစ်နာမှု မရှိအောင် စီမံ ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၁)စက်မှုဝန်ကြီး ဦးအောင်သောင်းသည် နံနက် (၇)နာရီတွင် ကျောက်ဆည်စက်မှု နယ်မြေရှိ မြန်မာ့ ကြွေထည်မြေထည် လုပ်ငန်း၊ မှန်စက်ရုံ (စီမံကိန်း) တည်ဆောက်မည့် စီမံကိန်းနေရာသို့ ရောက်ရှိပြီး ရှေးဦးစွာ စီမံကိန်းဆိုင်ရာ အဆောက်အဦးများ၊ မြေနေရာ ချထားမှု အခြေအနေ၊ ယင်းစွဲတောင်မှ မှန်ချက်သဲ ရရှိနိုင်မှု အခြေအနေနှင့် မှန်စက်ရုံ (စီမံကိန်း) အသုံးပြုမည့် အခြေအနေကို ကြည့်ရှု စစ်ဆေးရာ မြန်မာ့ ကြွေထည် မြေထည် လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးရီက ရှင်းလင်းတင်ပြသည်။ ယင်းနောက် မှန်စက်ရုံစီမံကိန်း (ကျောက်ဆည်) ၏ ရေနှင့် လျှပ်စစ်မီး သွယ်တန်းမည့် အခြေအနေများအား ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးရီနှင့် တာဝန်ရှိသူများက မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြပြီး ၀န်ကြီး ဦးအောင်သောင်းက စီမံကိန်းလုပ်ငန်းများ အောင်မြင်ရေးအတွက် စတင်တည်ဆောက်မည့် အချိန်မှ စနစ်တကျ တိုင်းတာ တွက်ချက်၍ အားနည်းချက်များ မရှိအောင် စီမံဆောင်ရွက်မှုများ အကွက်ကျကျ ပေါင်းစပ် ညှိနှိုင်း လုပ်ကိုင်ကြရန် မှာကြားသည်။ အဆိုပါ မှန်စက်ရုံစီမံကိန်း (ကျောက်ဆည်) အား မကြာမီ စတင် တည်ဆောက်မည် ဖြစ်ပြီး နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက် နှင့်အညီ မြန်မာပြည် အထက်ပိုင်း ကျောက်ဆည် စက်မှု နယ်မြေတွင် မှန်စက်ရုံ တည်ဆောက်နိုင်ရန် မြန်မာ့ ကြွေထည် မြေထည် လုပ်ငန်းနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CHINA CAMC ENGINEERING Co.,Ltd တို့သည် ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် စာချုပ်ချုပ်ဆို၍ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပြီး ယင်းစွဲတောင်မှ တွေ့ရှိရသော သယံဇာတ ပစ္စည်းဖြစ်သည့် မှန်ချက်သဲကို အလယ်မန်ကျွန်းမှ မှန်ချက်သဲကဲ့သို့ တွေ့ရှိရ၍ ယင်းစွဲတောင်နှင့် ပုရစ်တောင်မှ ထုတ်ယူမည့် မှန်ချက်သဲ ကုန်ကြမ်းသိုက် ပမာဏမှာ ၄.၈ တန်သန်း ရှိသဖြင့် နှစ်ပေါင်း ၁၅၄ နှစ်ခန့် သုံးစွဲနိုင်မည် ဖြစ်သည်။ အဆိုပါ မှန်စက်ရုံ စီမံကိန်း ပြီးစီးပါက မှန်အကြည်၊ အရောင်မှန်၊ လွှာထပ်မှန်၊ လုံခြုံရေးမှန်၊ အန္တရာယ်ကင်းမှန်၊ ကျည်ကာမှန်၊ လေကာမှန်၊ ကြည့်မှန်၊ အဆင့်မြင့် မှန်များ ထုတ်လုပ်နိုင်မည် ဖြစ်ပြီး တစ်ရက်လျင် မှန်ရေ ၁၅၀ တန် ကျိုချက်နိုင်သော မှန်ရည်ကျို မီးဖိုဖြင့် တစ်ရက်လျင် မှန်ကုန်ချော ၁၁၇ တန်၊ တစ်နှစ်လျင် မှန်တန်ချိန် ၄၁၇၀၀ တန် ထုတ်လုပ်နိုင်မည့် စက်ရုံဖြစ်ကြောင်း သိရှိရပါသည်။