Jun 25, 2008

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်း
မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်ရှိ ဖောင်တော်ဦးရတနာသိမ်ကျောင်း၌ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဧရာဝတီတိုင်း လေဘေးသင့်ပြည်သူများအား သွားရောက်ကူညီခဲ့ကြသော မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနား


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟို အတွင်းရေးမှူး အမှတ်(၁)စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီနှင့် မန္တလေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တွဲဖက် အတွင်းရေးမှူး ဦးစိန်မြင့်၊ ဦးသိန်းထွန်း အလုပ်အမှုဆောင်များသည် ၂၀၀၈ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် ဒေါနဘွား ရပ်ကွက်ရှိ ဖောင်တော်ဦး ရတနာ သိမ်ကျောင်း၌ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တနာယက အမှူးပြုသော သံဃာတော် အရှင်သူမြတ် တို့အား ဖူးမြော်ကြည်ညို၍ သင်္ကန်း အစရှိသော လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆပ်ကပ် လှူဒါန်း ကြသည်။
ဆက်လက်၍ မွန်းလွဲ ၁ နာရီတွင် ဗဟို အတွင်းရေးမှူး အမှတ်(၁)စက်မှု ၀န်ကြီး ဦးအောင်သောင်းသည် မန္တလေးမြို့ ၇၃ လမ်းရှိ မန္တလေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းရုံး အစည်းအဝေး ခန်းမ၌ မန္တလေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ မန္တလေးတိုင်း၊ မန္တလေးခရိုင် အတွင်းရှိ ၇ မြို့နယ်နှင့် ရပ်ကွက် ကျေးရွာများမှ အလုပ်အမှုဆောင်များ၊ စည်းရုံးရေးမှူး ၃၄၂ ဦးအား တွေ့ဆုံ၍ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် ၅ ရပ်များ တိုးတက်အောင် ဆောင်ရွက်ကြရန်၊ တောင်သူများ၏ စိုက်ပျိုးရေး လုပ်ငန်းများကို ထိရောက်စွာ ပါဝင်ကူညီ ဆောင်ရွက်ကြရန်၊ ကျောင်းနေအရွယ် ကလေးများ ကျောင်းနေနိုင်ရေးနှင့် ကျောင်းအပ်နှံရေး၊ စာသင်ကျောင်းများ ဥပဓိရုပ် ကောင်းမွန်ရေး၊ စာသင်ခုံများနှင့် စာရေး ကိရိယာများ ထောက်ပံ့နိုင်ရေးနှင့် ရပ်ကွက်၊ ကျေးရွာ သန့်ရှင်းရေး လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ရန်နှင့် ပံ့ပိုး ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော စည်းရုံးရေးမှူးများက မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေး တင်ပြကြရာ ဗဟို အတွင်းရေးမှူး ၀န်ကြီးမှ တင်ပြချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး လုပ်ငန်း လိုအပ်ချက်များ မှာကြားခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်း လေဘေးသင့် ပြည်သူများကို မေလ ၁၂ ရက်နေ့မှ စ၍ တစ်လကြာ သွားရောက် ကူညီ ဆောင်ရွက်ပြီး ပြန်လည် ရောက်ရှိလာသော မန္တလေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အဖွဲ့ဝင် ၁၅၂ ဦး အား ဂုဏ်ပြုပွဲ အခမ်းအနားကို ညနေ ၅ နာရီ၌ ဆက်လက် ကျင်းပရာ အစီအစဉ်အရ ဗဟို အတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်းက ဂုဏ်ပြု အမှာစကား ပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်း လေဘေးသင့်ပြည်သူများကို သွားရောက်ကူညီ ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် အတွေ့အကြုံများအား အဖွဲ့ခေါင်းဆောင် မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အလုပ်အမှုဆောင်ဦးမြင့်သိန်းက မှတ်တမ်း ဓာတ်ပုံ များဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် မန္တလေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တွဲဖက် အတွင်းရေးမှူး ဦးစိန်မြင့်နှင့် ဦးသိန်းထွန်းတို့က ဧရာဝတီတိုင်း လေဘေးသင့် ပြည်သူများကို သွားရောက် ကူညီ ဆောင်ရွက်ခဲ့ကြသော အဖွဲ့ဝင်များအား ဂုဏ်ပြု လက်မှတ်များကို အဖွဲ့ ခေါင်းဆောင်များထံ ပေးအပ်ခဲ့ပြီး ဗဟို အတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်းက အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။