Jun 30, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်း စီမံကိန်းစက်ရုံနှင့်
ကုန်ကြမ်းသီးနှံ ကြံစိုက်ခင်း ကြည့်ရှုစစ်ဆေးခြင်း



အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် ၂၀၀၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ နံနက် ၆း၃၀ နာရီတွင် မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးညွန့်အောင်၊ မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမောက်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရေနီအမှတ် (၂) စက္ကူစက်ရုံအနီး မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း၊ တစ်နေ့တန် (၈၀) စက္ကူညိုနှင့် တစ်နေ့တန်(၅၀) CTMP ပျော့ဖတ် စက်ရုံ စီမံကိန်း (ရေနီ) သို့ ရောက်ရှိပြီး Bamboo Chip Preparation Plant ၀ါးဖြတ်စ ပြုပြင်ရေး ဌာန၏ စက်ပစ္စည်းများ တပ်ဆင် ပြီးစီးမှု အခြေအနေ၊ သစ်ဖြတ်စ ပြုပြင်ရေး အဆောက်အဦနှင့် စက်ပစ္စည်းများ တပ်ဆင်ပြီးစီးမှုနှင့် သစ်ပျော့ဖတ် ပြုပြင်ရေး အဆောက်အဦနှင့် စက်ပစ္စည်းများ တပ်ဆင်ပြီးစီးမှု အခြေအနေ များကို ကြည့်ရှု စစ်ဆေးရာ မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးညွန့်အောင်နှင့် စီမံကိန်း အင်ဂျင်နီယာ ဦးတင်အောင်ထွန်းတို့က လိုက်လံရှင်းလင်း ပြသသည်။
ဆက်လက်၍ ၀န်ကြီး ဦးအောင်သောင်းသည် သစ်ဖြတ်စ တင်ပို့လိုင်း၊ Conveyor များ တပ်ဆင် ပြီးစီးမှု အခြေအနေ၊ ၀ါးချက်အိုးနှင့် ရေဆေးဌာန၏ Blow Tank များ၊ Cooking Liquor Circulation Pump များ၊ Hot Water Tank နှင့် Heat Exchanger များ တပ်ဆင် ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ ပျော့ဖတ်ချက်အိုး Digester (၃)လုံး တပ်ဆင်ပြီးစီးမှု၊ ရေဆိုး သန့်စင်ကန်များ၏ တည်ဆောက်ပြီးစီးမှု အခြေအနေကို လည်းကောင်း၊ တန် ၅၀ ပျော့ဖတ်ချက် စက်ရုံ၊ တန် ၈၀ စက္ကူညိုစက်ရုံ၊ အငွေ့ပျံ ဌာန ဓာတ်ဆားပြန်ထုတ် ဘွိုင်လာဌာန၊ ကော့စတစ်ပြန်ထုတ်ဌာန၊ ထုံးဖုတ်ဌာန၊ ဆက်စပ် အဆောက်အဦများ တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ၀န်ကြီးမှ မြို့ပြဆိုင်ရာ အဆောက်အဦများနှင့် စက်ပစ္စည်းများ တပ်ဆင်ရာတွင် သပ်ရပ် သေချာစွာ စနစ်တကျ တပ်ဆင်ရန်နှင့် စီမံကိန်း လုပ်ငန်းများ သတ်မှတ် ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားပြီး တရုတ် နိုင်ငံခြားသား ပညာရှင်များအား သစ်သီးခြင်း လက်ဆောင် ပေးအပ်ခဲ့သည်။
ထို့နောက် ၀န်ကြီး ဦးအောင်သောင်းအား မြန်မာ့စက္ကူနှင့် ဓာတုဗေဒ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးညွန့်အောင်မှ ရေနီ သဲဖြူ ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား သွယ်တန်း ပြီးစီးမှု အခြေအနေ၊ စက်ရုံ ပတ်ဝန်းကျင်၌ စိုက်ပျိုးထားသော စက်မှုကုန်ကြမ်း စိုက်ခင်း ယူကလစ်ပင် ဧက ၂၀၀ စိုက်ပျိုးမှုနှင့် ရေဆိုး သန့်စင်ကန်မှ စွန့်ပစ်ရေများ စနစ်တကျ စွန့်ပစ်နိုင်မှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး ၀န်ကြီးနှင့် တာဝန်ရှိသူများသည် တည်ဆောက်ရေး စီမံကိန်း အဆောက်အဦပေါ်မှ တည်ဆောက်ရေး လုပ်ငန်းများကို လည်းကောင်း၊ ၀ါးချက်အိုးနှင့် ရေဆေးဌာန၏ Vaccum Washer (၅)လုံး တပ်ဆင် ပြီးစီးမှုနှင့် White Water Tank များ တပ်ဆင်ပြီးစီးမှု အခြေအနေအား ကြည့်ရှု စစ်ဆေး၍ လုပ်ငန်း လိုအပ်ချက်များ မှာကြားခဲ့သည်။
အဆိုပါ စက္ကူစက်ရုံ စီမံကိန်းကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Chengda Engineering Corporation နှင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ စက်ရုံ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက် လည်ပတ်နိုင်ပါက ကုန်ထုတ် စက္ကူညို တစ်နေ့တန် ၈၀ နှင့် သတင်းစာ ပျော့ဖတ် တစ်နေ့တန် ၅၀ ထုတ်လုပ်နိုင်မည် ဖြစ်သည်။
ဆက်လက်၍ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်းသည် ပဲခူးတိုင်း၊ ဇေယျဝတီမြို့နယ်ရှိ မြန်မာ့ စားသောက်ကုန် လုပ်ငန်း ဇေယျဝတီ သကြားစက်၊ ချက်ကြံ သီးနှံစိုက်ကွင်း၊ အိုင်တုံကွန်း ကြံစိုက်ခင်းသို့ ရောက်ရှိပြီး၊ ဆင်းရွှေလီ K-88၊ K-92၊ K-93 ကြံမျိုးများ ဖြစ်ထွန်းအောင်မြင်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ စက်ရုံမှူး ဦးအောင်ဇော်ဦးနှင့် စိုက်ခင်း တာဝန်ခံများက လိုက်လုံရှင်းလင်း ပြသပြီး ကြံစိုက်ခင်း ၀န်ထမ်းများအား ထောက်ပံ့ကြေးငွေနှင့် စားသောက်ကုန် ပစ္စည်းများအား ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထို့နောက် ၀န်ကြီး ဦးအောင်သောင်းသည် ကြံစိုက်ခင်းအတွက်အသုံးပြုရန် ရေသိုလှောင်ထားရှိမှု အခြေအနေနှင့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးဘေး၌ ဆင်းရွှေလီမျိုး (၁၀)ဧကနှင့် K-88၊ K-92 (၅)ဧက ယှဉ်ပြိုင်စိုက်ကွင်းများ၌ ဖြစ်ထွန်းအောင်မြင် လျက်ရှိသော ကြံစိုက်ခင်းများအားကြည့်ရှုစစ်ဆေးပြီး ကြံအထွက်တိုးနိုင်ရေးအတွက် စိုက်ပျိုးနည်းစဉ်အတိုင်း စနစ်တကျ စီမံကွပ်ကဲ ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။