Jun 30, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း
နာဂစ်လေမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီး ပြိုလဲသွားသော ရာဘာခြံများ ပြန်လည်ဖြည့်စွက် စိုက်ပျိုးမှုအခြေအနေနှင့် လေဘေးသင့် ပြည်သူများအား အ၀တ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ



အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်းသည် ၂၀၀၈ ခုနှစ် ဇွန်လ ၂၉ ရက် နံနက် ၁၀း၃၀ နာရီတွင် မြန်မာ့ အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်း ဦးဆောင်ညွန်ကြားရေးမှူး ဦးအေးမောက် လိုက်ပါ၍ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်း ရာဘာခြံသို့ ရောက်ရှိပြီး နာဂစ်လေမုန်တိုင်း ဒဏ်ကြောင့် ယိုင်လဲသွားသော ရာဘာပင်များ၊ ရာဘာ အစေးလှီးပင်များနှင့် တိုးချဲ့ထိန်းသိမ်း ရာဘာပင်များ၊ ယိုင်လဲနေသော အပင်များအား ကိုင်းထောက်ဆယ်တင် ပြန်လည် စိုက်ပျိုးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ၊ မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမောက်နှင့် ခြံမန်နေဂျာတို့က ရှင်းလင်း ပြသကြသည်။ ထို့နောက် ၀န်ကြီးသည် ငှက်အော်စမ်း ရာဘာစိုက်ခင်း ပြိုလဲသွားသော အပင်များ ရှင်းလင်းနေမှုနှင့် ဖာထေး ပြန်စိုက်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ၀န်ကြီးမှ ပျက်စီးသွားသော အပင်များအား အမြန်ဆုံး ရှင်းလင်းပြီး၊ အမြန်ဆုံး ပြန်လည်ဖာထေး စိုက်နိုင်အောင် ဆောင်ရွက်ကြရန် မှာကြားသည်။ ထို့နောက် ၀န်ကြီး ဦးအောင်သောင်းသည် စက်ရုံ ရှင်းလင်းဆောင် ခန်းမ၌ စိုက်ခင်း မန်နေဂျာနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ စိုက်ခင်း မန်နေဂျာ ဒေါ်ခိုင်ဇာနွယ်မှ နာဂစ်လေမုန်တိုင်း ဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှု အခြေအနေ၊ အစားထိုး ပြန်လည် စိုက်ပျိုးမည့် အခြေအနေ၊ အစေးလှီးခြံရာဘာပင် ဆယ်တင် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို တင်ပြရာ မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမောက်က ဖြည့်စွက် ရှင်းလင်း တင်ပြပြီး၊ ၀န်ကြီးမှ ပြိုလဲပင်များ အမြန်ဆုံး ရှင်းလင်းပြီး ပြန်လည် အစားထိုး စိုက်ပျိုးနိုင်ရန် စီစဉ်ဆောင်ရွက်ရေး မှာကြားခဲ့သည်။ ဆက်လက်၍ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟို ကော်မတီဝင် အမှတ်(၁)စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီ မိသားစုနှင့် အလှူရှင်များသည် မွန်းလွဲ ၁၂း၃၀ နာရီတွင် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်၊ လေဘေး ဒုက္ခသည်များ ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိကြသည်။
ယင်းနောက် ကွမ်းခြံကုန်းမြို့နယ် လေဘေးသင့် ပြည်သူများအတွက် အလှူပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟို ကော်မတီဝင်များ ဖြစ်ကြသော အမှတ်(၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး၊ စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် လွန်းသီ၊ ကွမ်းခြံကုန်း မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။ အစီအစဉ်အရ အမှတ်(၁) စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော လွယ်ဟိန်းကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာ စိုင်းစံထွန်းနှင့် PT IGlas Company မှ Mr Carere တို့က လည်းကောင်း၊ Myanmar Fortune ကုမ္ပဏီလီမိတက်နှင့် ရီရှင်းကုမ္ပဏီ တို့မှ ဒေါ်ရှယ်လီနှင့် ဒေါ်နန်းအေးနန်းတို့က လည်းကောင်း၊ အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများမှ အလှူရှင် ဦးဝင်းလွင်၊ ဦးအောင်မြတ်၊ ဦးထက်ညီ၊ ဦးထင်အောင်ကျော်တို့က လေဘေးသင့် ပြည်သူများ အတွက် အ၀တ်အထည်နှင့် လူသုံးကုန်များကို ပေးအပ်လှူဒါန်းရာ အမှတ်(၇၇) ခြေမြန်တပ်မ ဌာနချုပ်၊ နည်းဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး လူအေးနှင့် ကွမ်းခြံကုန်းမြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့က လက်ခံရယူသည်။
အဆိုပါ လှူဒါန်းမှုတွင် ကျားဝတ်၊ မ၀တ်လုံချည်နှင့် အ၀တ်အထည်များ၊ ကာဘော်လစ် ဆပ်ပြာ၊ ရွေဝါဆပ်ပြာများ၊ လူသုံးကုန် ပစ္စည်းများ ၅၈ သိန်း ၇ သောင်း ကျော်ဘိုး လှူဒါန်းခဲ့သည်။
ထို့နောက် ဗဟိုကော်မတီဝင် အမှတ်(၁)စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ စွမ်းအင် ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် လွန်းသီ တို့သည် ကယ်ဆယ်ရေးစခန်း၌ အဆောက်အဦများ၊ စာသင်ကျောင်းနှင့် လေဘေးသင့် ပြည်သူများ ဈေးနှုန်း ချိုသာစွာဖြင့် ၀ယ်ယူနိုင်အောင် ရောင်းချပေးလျက်ရှိသည့် အမှတ်(၁) စက်မှုဝန်ကြီးဌာန လုပ်ငန်း ဌာနများမှ ရောင်းချလျှက်ရှိသော ကုန်ပစ္စည်းများအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒေးဒရဲမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး၌ လေဘေးသင့် ပြည်သူများအတွက် အလှူပစ္စည်းများ ပေးအပ်ပွဲကို ကျင်းပပြုလုပ်ရာ၊ အခမ်းအနားသို့ အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီဝင် အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်အောင်မင်း၊ ဒေးဒရဲ မြို့နယ် လေဘေးကယ်ဆယ်ရေး၊ ပြန်လည် နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ တက်ရောက်ကြသည်။
အစီအစဉ်အရ အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော လွယ်ဟိန်း ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာ စိုင်းစံထွန်းနှင့် PT IGlas Company မှ Mr Carere တို့က လည်းကောင်း၊ Myanmar Fortune ကုမ္ပဏီလီမိတက်နှင့် ရီရှင်းကုမ္ပဏီမှဒေါ်ရှယ်လီနှင့် ဒေါ်နန်းအေးနန်းတို့ကလည်းကောင်း၊ အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသောကုမ္ပဏီများမှ အလှူရှင်ဦးဝင်းလွင်၊ ဦးအောင်မြတ်၊ ဦးထက်ညီ၊ ဦးထင်အောင်ကျော် တို့က လေဘေးသင့်ပြည်သူများအတွက် အ၀တ်အထည်နှင့် လူသုံးကုန် ပစ္စည်းများကို ပေးအပ် လှူဒါန်းရာ အမှတ်(၆၆) ခြေမြန်တပ်မဌာနချုပ်၊ အမှတ်(၆၆)နည်းဗျူဟာကွက်ကဲရေးမှူး ဗိုလ်မှူးကြီး တင်မောင်ထွေးနှင့် ဒေးဒရဲမြို့နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်တို့က လက်ခံကြသည်။
အဆိုပါ လှူဒါန်းပွဲအခမ်းအနား၌ ဒေးဒရဲမြို့နယ် လေဘေးသင့်ပြည်သူများအတွက် ကျားဝတ်၊ မ၀တ်လုံချည်နှင့် အ၀တ် အထည်များ၊ ရွှေဝါဆပ်ပြာနှင့် ကာဘော်လစ်ဆပ်ပြာများ၊ လူသုံးကုန်ပစ္စည်း စုစုပေါင်းလှူဒါန်းငွေ တန်ဖိုး ၅၈ သိန်း ၇ သောင်း ကျော်ဖိုး ပေးအပ်လှူဒါန်းခဲ့သည်။