Jul 22, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်း စီမံကိန်းလုပ်ငန်းခွင်များအား ကြည့်ရှုစစ်ဆေးခြင်း


အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်းသည် စက်မှုလုပ်ငန်းများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ လိုက်ပါ၍ ဇူလိုင်လ (၁၇)ရက်နေ့ နံနက် ၇း၃၀ နာရီတွင် လယ်ဝေးမြို့နယ်၊ တောင်ဖီလာ ကျေးရွာအနီး မြန်မာ့ ကြွေထည်မြေထည် လုပ်ငန်း တစ်နေ့တန် (၅၀၀) ကျ နေပြည်တော် ဘိလပ်မြေစက်ရုံ စီမံကိန်း (တောင်ဖီလာ)တွင် တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းခွင်သို့ ရောက်ရှိပြီး၊ မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးရီနှင့် မြန်မာ့ အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမောက်တို့က မြို့ပြဆိုင်ရာ အဆောက်အဦများ တည်ဆောက်နေမှု အခြေအနေ Slurry Silo နှင့် Rotary Kiln အုတ်မြစ်နေရာ မြေတူးဖော် ဆောင်ရွက်ခြင်း၊ ထုံးကျောက်တောင်တက်လမ်း မြေဖြတ်ခြင်းနှင့် လမ်းဖောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊ ရှုရပ်မျှော်စင်မှ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်း ပြသရာ ဝန်ကြီးမှ လုပ်ငန်းအလိုက် ဆောင်ရွက် လုပ်ကိုင်မှု အခြေအနေများကို အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ဝန်ကြီး ဦးအောင်သောင်းသည် ကျောက်ခွဲစက်နှင့် ကျောက်တောင်သွားသည့် မဲဟော်ချောင်း ရေကျော် တည်ဆောက်မှု အခြေအနေနှင့် ထုံးနှစ်မွှေကန် မြေတူးခြင်း လုပ်ငန်းများအား ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်း လိုအပ်ချက်များ မှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးသည် Max Myanmar Group Companies မှ တည်ဆောက်လျက် ရှိသည့် တစ်နေ့တန် (၅၀၀) ကျ ဘိလပ်မြေစက်ရုံ (စီမံကိန်း) တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိပြီး စီမံကိန်း ဒါရိုက်တာ ဦးတင်အောင်နှင့် စီမံကိန်း အင်ဂျင်နီယာ ဦးခင်မောင်ကြွယ်တို့က မြို့ပြဆိုင်ရာ အဆောက်အဦများ တည်ဆောက်မည့် အခြေအနေနှင့် စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ဝန်ကြီးက စီမံကိန်း လုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် စနစ်တကျ စီမံဆောင်ရွက်မှုများ ပြုလုပ်ကြရန် မှာကြားခဲ့သည်။
ထိုမှတဆင့် အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းသည် မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း ရေနီအမှတ်(၂) စက္ကူစက်ရုံသို့ ရောက်ရှိပြီး ချက်အိုးဌာန၏ ပျော့ဖတ်ပြုပြင်ရေးဌာန၊ ပျော့ဖတ်ကန်နှင့် ပျော့ဖတ်ချက်အိုးများ၏ ကုန်ထုတ်လုပ်မှု လုပ်ငန်းအခြေအနေကို လည်းကောင်း၊ စက္ကူညိုများ ထုတ်လုပ်မှု လုပ်ငန်း အဆင့်ဆင့်နှင့် စက်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အခြေအနေအား ကြည့်ရှု စစ်ဆေးရာ မြန်မာ့စက္ကူနှင့် ဓာတုဗေဒ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးညွန့်အောင်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြသည်။
ထို့နောက် ဝန်ကြီး ဦးအောင်သောင်းသည် စက်ရုံမှ ထုတ်လုပ်ထားသော ကုန်ထုတ် စက္ကူလိပ်များ စနစ်တကျ သိုလှောင်ထားရှိမှု အခြေအနေအား ကြည့်ရှု စစ်ဆေးပြီး ဝန်ကြီးမှ မီးဘေး ကြိုတင်ကာကွယ်ရေး စနစ်ကို အမြဲဂရုတစိုက် ဆောင်ရွက်ထားရှိရန်နှင့် စက်မှုလုပ်ငန်းများအား အမြန်ဆုံး ဖြန့်ဝေပေးနိုင်ရန် စီမံ ဆောင်ရွက်ရေး မှာကြားခဲ့သည်။
ထိုမှတဆင့် ဝန်ကြီးသည် ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ ရေနီအမှတ်(၂) စက္ကူစက်ရုံအနီး တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း၊ တစ်နေ့တန် (၈၀) စက္ကူညိုနှင့် တစ်နေ့တန် (၅၀) CTMP ပျော့ဖတ် စက်ရုံ(ရေနီ) သို့ရောက်ရှိပြီး ရာနှုန်းပြည့် ပြီးစီးလျက်ရှိသော ဓာတုဖြင့် ရေသန့်စင်ရေး စက်ရုံအား လည်းကောင်း၊ သစ်ဖြတ်စ တင်ပို့လိုင်း တည်ဆောက် ပြီးစီးမှုနှင့် သစ်ပျော့ဖတ် ပြုပြင်ရေး အဆောက်အဦနှင့် စက်ပစ္စည်းများ တပ်ဆင်ပြီးစီးမှု အခြေအနေအား ကြည့်ရှု စစ်ဆေးရာ မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးညွန့်အောင်နှင့် စီမံကိန်း အင်ဂျင်နီယာ ဦးတင်အောင်ထွန်းတို့က လုပ်ငန်းများ ဆောင်ရွက်ပြီး အခြေအနေအား ရှင်းလင်း တင်ပြကြပြီး ဝန်ကြီးမှ စီမံကိန်း လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရေးနှင့် သတ်မှတ် စံချိန်စံညွှန်း များနှင့်အညီ တည်ဆောက်ကြရန် လမ်းညွှန် မှာကြားခဲ့သည်။ အဆိုပါ စက်ရုံစီမံကိန်း ပြီးစီးပါက ကုန်ထုတ်စက္ကူညို တစ်နေ့တန်(၈၀) နှင့် သတင်းစာ ပျော့ဖတ် တစ်နေ့တန်(၅၀) ထုတ်နိုင်မည် ဖြစ်သည်။
ဆက်လက်၍ ဝန်ကြီးဦးအောင်သောင်းသည် ပျဉ်းမနားမြို့နယ်၊ မင်းကုန်းကျေးရွာအနီး တောင်တွင်းကြီးကားလမ်း မိုင်တိုင် အမှတ်(၁၆/၃)မှ(၁၆/၅)တွင် တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ကြွေထည်မြေထည် လုပ်ငန်း နေပြည်တော် အုတ်စက်ရုံ (မင်းကုန်း)သို့ ရောက်ရှိပြီး ပင်မစက်ရုံ အဆောက်အဦ၏ Ground Beam၊ Short Column များ၊ Plinth beam များ၊ မြို့ပြဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား လည်းကောင်း၊ စက်ယန္တရားများဖြင့် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးရာ မြန်မာ့ကြွေထည် မြေထည်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးရီနှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြပြီး ဝန်ကြီးမှ လုပ်ငန်း လိုအပ်ချက်များ မှာကြားခဲ့သည်။ အဆိုပါ အုတ်စက်ရုံ စီမံကိန်း တည်ဆောက် ပြီးစီးပါက ခွဲရုံ(၁)ရုံတွင် တစ်နေ့လျင် အုတ်ချပ်ရေ (၁၅၀၀၀၀)ထုတ်လုပ်မည် ဖြစ်ပြီး တစ်နှစ်လျှင် အုတ်ချပ်ရေ သန်း(၅၀) ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။