Jul 21, 2008

တတိယအကြိမ်မြောက် အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ


တတိယအကြိမ်မြောက် အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင်လ (၁၅)ရက် နံနက် (၇းဝဝ) နာရီတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၇) အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ ပင့်သံဃာ အရှင်သူမြတ်များ၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း ဇနီး ဒေါ်ခင်ခင်ရီ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ၄င်းတို့၏ ဇနီးများ၊ ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဝန်ကြီး ဦးအောင်သောင်း၊ ဇနီးနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က မြို့လယ်ကျောင်း ဆရာတော် ဓမ္မာစရိယ ဘဒ္ဒန္တ ဂန္တမာထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော် အရှင်သူမြတ်တို့မှ ပရိတ်တရားတော်များ ဟောကြား ချီးမြှင့်သည်။
ဆက်လက်၍ ဝန်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီနှင့် ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ၄င်းတို့၏ ဇနီးများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် မြို့လယ်ကျောင်း ဆရာတော် ဓမ္မာစရိယ၊ ဘဒ္ဒန္တ ဂန္တမာမှ သာဓုအနုမောဒနာ တရား ဟောကြား ချီးမြှင့်ပြီး လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အာရုဏ်ဆွမ်းများ ဆက်ကပ် လှူဒါန်းကြပါသည်။
အလားတူ အမှတ်(၁)စက်မှုဝန်ကြီးဌာန လုပ်ငန်းဌာန အသီးသီးမှ အုန်းတော တောင်ကျောင်း၊ မြို့လယ်ကျောင်းတိုက်၊ ကျောင်းသစ်ကျောင်း၊ စမ်းမြိုင် တောရကျောင်းနှင့် မစိုးရိမ် တိုက်သစ်ကျောင်းများမှ စုစုပေါင်း သံဃာတော် (၂၀)ပါးအား ကျောင်းတိုက်များ အလိုက် အာရုဏ်ဆွမ်း၊ နေ့ဆွမ်းများ၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။