Jan 22, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်း မြစ်သားချည်မျှင်စက်ရုံ(စီမံကိန်း)နှင့် ပျော်ဘွယ်ချည်မျှင်စက်ရုံ(စီမံကိန်း) လုပ်ငန်းခွင်များအား ကြည့်ရှုစစ်ဆေး

အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်းသည် ၂၀၀၈ခုနှစ် ဇန်နဝါရီလ ၂၁ရက်နေ့ နေ့လည်ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါ၍ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ လမ်းခွကျေးရွာအုပ်စု ရန်ကုန်-မန္တလေး ကားလမ်းမကြီး၏ အနောက်ဘက် မိုင်တိုင်အမှတ်(၃၈၇)တွင် တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြန်မာ့အထည်အလိပ် လုပ်ငန်း၊ မြစ်သားချည်မျှင်စက်ရုံ (စီမံကိန်း) လုပ်ငန်းခွင်အတွင်း ရောက်ရှိပြီးအဆောက်အဦများ တည်ဆောက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ရာ စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန်၊ တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ကြရန်၊ စီမံကိန်းစက်ရုံအတွက် တပ်ဆင်မည့် စက်ပစ္စည်း အစိတ်အပိုင်းများကို စနစ်တကျထားသို၍ တပ်ဆင်အသုံးပြုကြရန် မှာကြားခဲ့သည်။
ထို့နောက် အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်းသည် ၂၀၀၈ခုနှစ် ဇန်နဝါရီလ၂၁ရက်နေ့ မွန်းလွဲ(၃)နာရီတွင် မြန်မာ့အထည်အလိပ်လုပ်ငန်း ပျော်ဘွယ်ချည်မျှင်စက်ရုံ (စီမံကိန်း)သို့ ရောက်ရှိရာ စီမံကိန်းလုပ်ငန်းများ တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်မှုအား လှည့်လည်ကြည့်ရှု့ စစ်ဆေးပြီး စီမံကိန်းလုပ်ငန်းများ လျှင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။