Dec 20, 2007

အမှတ်(၁)စက်မှုဝန်ကြီးဌာန ပထမအကြိမ် ၀န်ကြီးဒိုင်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ
အမှတ်(၁)စက်မှုဝန်ကြီးဌာန ပထမအကြိမ် ၀န်ကြီးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ ကွင်းဖွင့်ပွဲအနေဖြင့် မကွေး၊ ပွင့်ဖြူစက်ရုံများအသင်းနှင့် ပလိပ်စက်ရုံများအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ တစ်ဖက်တစ်ဂိုးစီ သရေပွဲဖြစ်ခဲ့ပါသည်။
၂၀၀၇ ခုနှစ် ပထမအကြိမ် အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဒိုင်းဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့မှစ၍ စက်ရုံ နယ်မြေဇုန်အလိုက် အသင်း(၂၁)သင်း၊ ရန်ကုန်ဇုန်၊ ပခုက္ကူဇုန်၊ စစ်ကိုင်းဇုန်နှင့် မန္တလေးဇုန် (၄)ဇုန်ခွဲ၍ ပထမအဆင့် အုပ်စု ပတ်လည် ဘောလုံးပြိုင်ပွဲကို (၄၅)ပွဲ ကျင်းပခဲ့ပြီး ယခုအခါ ပျဉ်းမနားမြို့ ပေါင်းလောင်း အားကစားကွင်း၌ ဒုတိယအဆင့် အုပ်စု ပတ်လည်ပြိုင်ပွဲ(၁၂)ပွဲနှင့် အကြိုဗိုလ်လုပွဲ၊ တတိယလုပွဲ၊ ဗိုလ်လုပွဲ ပွဲစဉ်(၄)ပွဲ စုစုပေါင်း(၁၆)ပွဲ ဆက်လက်ယှဉ်ပြိုင်ကစား သွားမည် ဖြစ်ပါသည်။
နိုင်ငံတော်အကြီးအကဲ လမ်းညွှန်မှုနှင့် ရည်ရွယ်ချက်(၃)ရပ် ချမှတ်ထားသော အမျိုးသား ကျန်းမာကြံ့ခိုင်ရေး အတွက် အထောက် အကူဖြစ်စေရေး၊ စက်ရုံအသီးသီးမှ ၀န်ထမ်းများ အပန်းဖြေမှုဖြစ်သကဲ့သို့ ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံး၊ ချစ်ချစ်ခင်ခင် ဖြစ်စေရေး၊ ၀န်ထမ်းများ တက်ကြွ ရွှင်လန်းစွာနှင့် မိမိတို့တာဝန်များကို ပိုမို ထမ်းရွက်နိုင်စေရေး စသည့် ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲ ကျင်းပပေးရခြင်းဖြစ်ပြီး လာမည့်နှစ် ၀န်ကြီးဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အနိုင်ရရှိရေး အထောက်အကူ ဖြစ်စေရန် ဖြစ်ပါသည်။