(၂၄)ကြိမ်မြောက် တောင်သာမြို့နယ်အသင်း(ရန်ကုန်) နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို (၃၀-၃-၂၀၀၈)ရက်နေ့ နံနက် ၈နာရီက ရန်ကုန်မြို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ရှိ စက်မှုဓမ္မာရုံ၌ကျင်းပသည်။
ရှေးဦးစွာ အသင်းဥက္ကဌ ဒေါက်တာ ခင်မောင်ဆွေနှင့် အသင်းနာယက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းတို့က အမှာစကားပြောကြားသည်။
ယင်းနောက် ၂၀၀၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ကြသော ခြောက်ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် သုံးဦး၊ သုံးဘာသာဂုဏ်ထူးရှင် သုံးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် နှစ်ဦးတို့အား အသင်းနာယက ဝန်ကြီး ဦးအောင်သောင်း၊ ဇနီးဒေါ်ခင်ခင်ရီ မိသားစုနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ကြသည်။
ဆက်လက်၍ အလှူရှင် ၃၇ ဦးက စုစုပေါင်းငွေကျပ် ၁၈၅၆၀၀၀ကို ပေးအပ်လှူဒါန်းကြသည်။ ထို့နောက် တောင်သာမြို့နယ်အသင်း (ရန်ကုန်) အတွင်းရေးမှူး ဦးသန်းအောင်က အလုပ်အမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းများကို ဖတ်ကြားတင်သွင်း ၍ အစည်းအဝေး၏ အတည်ပြုချက်ရယူကြသည်။ ယင်းနောက် အသင်းဥက္ကဌက နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။ အလားတူ စတုတ္ထအကြိမ် မြို့သစ်မြို့နယ်အသင်း(ရန်ကုန်) နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့သစ်မြို့နယ်အသင်း(ရန်ကုန်) ဥက္ကဌ ဒုတိယ ဗိုလ်မှူးကြီး ကြည်ဝင်း(ငြိမ်း)နှင့် ဂုဏ်ထူးဆောင်နာယက အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းတို့က အမှာစကားပြောကြားသည်။
ဆက်လက်၍ ၂၀၀၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသော လေးဘာသာဂုဏ်ထူးရှင် တစ်ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးတို့အား ဂုဏ်ထူးဆောင်နာယက ဝန်ကြီး ဦးအောင်သောင်းနှင့် အလှူရှင်များက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် အသင်းအတွင်းရေးမှူး ဦးခင်မောင်မြင့်က အလုပ်အမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေး အစီရင်ခံစာများကို တင်ပြပြီး အစည်းအဝေး၏ အတည်ပြုချက်ရယူကြသည်။
ယင်းနောက် အသင်းဥက္ကဌက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ပါသည်။