Jul 21, 2008

၂၀၀၈ ခုနှစ် တတိယအကြိမ် အမှတ်(၁)စက်မှုဝန်ကြီးဌာန သစ်ပင်စိုက်ပျိုးပွဲတော်

၂၀၀၈ ခုနှစ် တတိယအကြိမ် အမှတ်(၁)စက်မှုဝန်ကြီးဌာန သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၇း၀၀ နာရီတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၇)ရှေ့တွင် ကျင်းပပြုလုပ်ရာ သစ်ပင်စိုက်ပျိုးပွဲတော်အား အမှတ်(၁) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းက ခရေပင်အား စတင်စိုက်ပျိုးပေးပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများက သတ်မှတ်နေရာ အသီးသီးတွင် မဉ္ဇူသက မယ်ဇယ်ပင်နှင့် ကံ့ကော်ပင်များကို စိုက်ပျိုးပေးကြသည်။
ထို့နောက် အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းက အရိပ်ရပင်များစိုက်ပျိုးမှုအခြေအနေနှင့် ဝန်ထမ်းများ တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးနေမှုကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက ရုံး ပတ်ဝန်းကျင်၌ ဝန်ထမ်းများ အရိပ်ရပင်နှင့် ပန်းအလှပင်များ စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်းပင်၊ ခရေပင်၊ သရက်ပင်၊ စိန်ပန်းပင်၊ ပိတောက်ပင်၊ မဟော်ဂနီပင်၊ တမာပင်၊ မန်ကျည်းပင်၊ ပျဉ်းမပင်၊ မယ်ဇယ်ပင်၊ အုန်းပင်၊ တော်ဝင်အုန်းပင် စုစုပေါင်း (၅၉၉၅)ပင်အား စိုက်ပျိုးကြပြီး ယနေ့အထိ အရိပ်ရပင်နှင့် ပန်းအလှပင် စုစုပေါင်း(၃၇၇၇) စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်မိုးရာသီတွင် ကြက်ဆူ၊ သရက်၊ ခရေ၊ စိန်ပန်း၊ ပိတောက်ပင်များ ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ပါသည်။